မူကြိုအရွယ် ကလေးငယ်လေးတွေ လိမ်ညာပြောခြင်း
- Jessica Mozart
- Apr 16
- 1 min read
Updated: Apr 22

ဒီအရွယ် (၃ နှစ်မှ ၅ နှစ်) ကလေးလေးတွေ လိမ်ပြောတတ်တာဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ Early Childhood ကျွမ်းကျင်သူတွေကလည်း မူကြိုအရွယ်ကလေးလေးတွေ လိမ်ညာပြောဆိုခြင်းဟာ မကောင်းတဲ့အကျင့်တစ်ခုရနေတယ်ဆိုတဲ့ အမြင်ထက် “အသိဉာဏ်ဖွံ့ဖြိုးမှုကို ပြသတဲ့ ဖွံ့ဖြိုးရေးမှတ်တိုင်တစ်ခု” အဖြစ်သာ သတ်မှတ်ကြပါတယ်။
အသက် ၃ နှစ် ၄ နှစ်အရွယ်မှာ ကလေးလေးတွေ အောင်အောင်မြင်မြင် လိမ်ပြောနိုင်ဖို့အတွက် Theory of mind, Executive function skills, Understanding of social rules စသဖြင့် လိုအပ်တဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ဖွံ့ဖြိုးလာပြီဖြစ်ပါတယ်။
အဲဒီဖွံ့ဖြိုးမှုတွေရှိလာပြီမို့ လိမ်ပြောခြင်းကို စတင်စမ်းသပ်လာတတ်ပါတယ်။ ဒါဟာ စိုးရိမ်ရမယ့်အရာမဟုတ်ဘဲ ကလေးရဲ့ အသိဉာဏ်နဲ့ လူမှုရေးဖွံ့ဖြိုးမှုကို ပြနေတာဖြစ်ပါတယ်။ “မီးမီး/သားသား မလုပ်ဘူး” “သူလုပ်တာ” စသဖြင့် ရိုးရှင်းတဲ့ လိမ်ညာပြောဆိုမှုလေးတွေကနေ ဥာဏ်ရည်မြင့်လာတာနဲ့အမျှ ပိုအဆင့်မြင့်တဲ့ လိမ်ညာမှုလေးတွေအဖြစ်လည်း ပြောင်းလာတတ်ပါတယ်။
မိဘဆရာများအနေနဲ့ မူကြိုကလေးလေး လိမ်ညာပြောနေတာကို တွေ့တဲ့အခါ အပြစ်ပေးဖို့ထက် သင်ကြားဖို့ အခွင့်အလမ်းတစ်ခုအဖြစ်သာ မြင်ပြီး တည်ငြိမ်စွာ တုံ့ပြန်သင့်ပါတယ်။ အမှန်တရားကို ပြောဆိုတာဟာ ကောင်းကြောင်း၊ လိမ်ပြောတဲ့အခါ နောက်ဆို သူများက မယုံတော့တာ ဖြစ်တတ်ကြောင်း စသဖြင့် The boy who cried wolf လို ပုံပြင်တွေသုံးပြီး သင်ပေးလို့ရတဲ့အနေအထားတစ်ခု အဖြစ်မှတ်ယူပြီး အမှန်တရားကို ပြောဆိုတတ်ဖို့ သင်ပေးရမှာဖြစ်ပါတယ်။
ကလေးတွေ လိမ်ညာပြောဆိုရခြင်း အကြောင်းတွေမှာ …
Boundaries စမ်းသပ်ခြင်းကြောင့်လည်း ဖြစ်ပါတယ်။ သူဒီလိုလုပ်ရင် ရမလားဆိုတာ စမ်းသပ်ကြည့်တဲ့သဘောနဲ့လည်း လိမ်ပြောတတ်ပါတယ်။
သူ့ကြောင့် တစ်ခုခုပျက်စီးသွားတဲ့အခါမျိုးမှာလည်း အဆူခံရမှာ အရိုက်ခံရမှာ အပြစ်ပေးခံရမှာတွေကို ကြောက်လို့ မလုပ်ဘူးလို့ လိမ်ညာတတ်ပါတယ်။
တခါတလေမှာတော့ ကလေးငယ်လေးတွေဟာ လက်တွေ့နဲ့ စိတ်ကူးယဉ်ခြင်းကို မကွဲပြားတဲ့အတွက် မတော်တဆ “မမှန်တဲ့အရာ” ကို ပြောမိတတ်ပါတယ်။ တခါတလေမှာ အိပ်မက်ကိုလည်း အမှန်ထင်တတ်ပါတယ်။
လူကြီးတွေရဲ့ အာရုံစိုက်ခံချင်တာကြောင့်လည်း ဇာတ်လမ်းတွေ ဖန်တီးပြီး ပြောတတ်ပါတယ်။
သူ့အနီးအနားက လူကြီးတွေက လူမှုရေးအခြေအနေအရ မလွှဲသာမရှောင်သာ လိမ်ပြောရတဲ့စကားတွေကို ကြားတဲ့အခါ သူလည်းအတုခိုးပြီး လိုက်ပြောတတ်ပါတယ်။
လူကြီးရဲ့ စကားလမ်းကြောင်းပေးမှုအပေါ်မှာလည်း လိုက်ပါပြီး မမှန်တဲ့အရာတွေကို ပြောမိတတ်ပါတယ်။ “ညီညီက သားသားဆီက ပစ္စည်းတွေကိုလုလား” စသဖြင့်မေးတဲ့အခါ ကလေးကလည်း “အင်း” ဆိုပြီး ခေါင်းငြိမ့်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
မိဘဆရာများအနေနဲ့ တည်တည်ငြိမ်ငြိမ် အပြုအမူနဲ့ ကလေးကို သင်ကြားပေးရမှာဖြစ်ပါတယ်။ ရိုးသားမှုရဲ့ အရေးပါပုံ၊ အမှန်တရားပြောဆိုခြင်းရဲ့ အရေးပါပုံတွေကို ရှင်းပြပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ပေးသင့်ပါတယ်။
𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓
March 1, 2025
လွတ်လပ်စွာ Share နိုင်ပါသည်။
Copy ပြန်တင်ခြင်း ခွင့်မပြုပါ။
Comments