top of page

မူကြိုကလေးများ ကျောင်းတက်စမှာ ဘာကြောင့်ငိုသလဲ

Updated: 4 days ago



မိဘနဲ့မခွဲနိုင်ခြင်း


မိဘနဲ့တခါမှ အကြာကြီးမခွဲဖူးဘဲ ခွဲနေရခြင်းဟာ ကလေးလေးတွေအတွက် အင်မတန်ခက်ခဲပါတယ်။ မိသားစုနဲ့အတူရှိမှ စိတ်လုံခြုံတဲ့ကလေးလေးတွေဟာ မိဘနဲ့မခွဲစဖူး ခွဲနေရတဲ့အခါ အစပိုင်းမှာ စိတ်မလုံခြုံမှု ကြောက်ရွံ့မှုတွေ ခံစားရနိုင်ပါတယ်။


နားမလည်နိုင်ခြင်း


ဖေဖေမေမေတို့က သူ့ကိုဘာလို့ ဒီကျောင်းမှာ ထားခဲ့တယ်ဆိုတာ သူနားမလည်နိုင်ဖြစ်ပြီး စိုးရိမ်စိတ်တွေ ဖြစ်တတ်ပါတယ်။


နေရာသစ်၊ လူသစ်များ


မရောက်ဖူးတဲ့ နေရာအသစ်၊ မမြင်ဖူးတဲ့ လူသစ်တွေနဲ့အတူရှိရခြင်း၊ အိမ်မှာမလုပ်တဲ့ စည်းစနစ်လေးတွေနဲ့နေထိုင်ရခြင်းဟာလည်း ကလေးတွေအတွက် စစချင်းမှာ အဆင်မပြေ ခက်ခဲနိုင်ပါတယ်။


အအိပ်ပျက်၊ အစားပျက်ခြင်း


ညဖက်အိပ်ရေးမဝထားတဲ့ကလေး၊ အစားသေချာမစားထားတဲ့ကလေးတွေကလည်း အလွယ်တကူ ငိုတတ်ပါတယ်။


မသေချာမရေရာခြင်း


ကျောင်းမှာ ဘာဖြစ်မှာလဲ၊ ဘယ်သူနဲ့ ကစားရမှာလဲ အဲဒီအတွေးလေးတွေကအစ ကလေးကို စိတ်ပူပန်ခြင်း ဖြစ်စေနိုင်ပါတယ်။


မိဘဆီက အားပေးမှု


“ဖေဖေ/မေမေက ခဏနေရင် ပြန်လာခေါ်မယ်နော်” “ကျောင်းဆင်းရင် ပြန်လာခေါ်မယ်နော်” ဆိုတဲ့စကားလေးတွေနဲ့ နှစ်သိမ့်မှုကြားချင်လို့လည်း ငိုတတ်ပါတယ်။


ကလေးငိုခြင်းဟာ သဘာဝတရား


ကလေးလေးတွေဟာ နှုတ်ကမပြောနိုင်တဲ့ သူတို့ရဲ့စိတ်ခံစားချက်ကို ငိုခြင်းအားဖြင့်ဖော်ပြပါတယ်။ သူတို့ စိတ်ပူပန်တဲ့အခါ၊ ဝမ်းနည်းကြောက်ရွံ့တဲ့အခါ၊ ဖော်မပြတတ်တဲ့စိတ်ခံစားမှုတွေ ဖြစ်တဲ့အခါ၊ မိဘကို သတိရတဲ့အခါ၊ သူချစ်တဲ့ဆရာမကို မမြင်တဲ့အခါ၊ ထမင်းမစားချင်တာကို မပြောတတ်တဲ့အခါ၊ ရှူရှူးပေါက်ချင်တာကို မပြောတတ်တဲ့အခါ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ငိုတတ်ပါတယ်။


မိဘများအနေနဲ့ ဘယ်လိုကူညီပေးလို့ရမလဲ။


  • အချိန်ပိုင်းလောက်ကနေ စတက်ပြီး ကလေးအဆင်ပြေမှ တနေကုန်အတန်းကို ပြောင်းပါ။

  • ကျောင်းကို ပုံမှန်ကြိုပို့ပါ။

  • ကလေးအကြိုက်ဆုံး အရုပ်လေးတစ်ခုလောက် ကျောင်းကိုထည့်ပေးပါ။


ကျောင်းမှာ ပြဿနာဖြစ်ခဲ့သလားဆိုတာချည်း စိတ်ပူမေးမြန်းနေမယ်ဆိုရင် ကျောင်းက ပြဿနာနေရာလို့ ကလေးကလည်း ခံစားရပါမယ်။ ကျောင်းမှာပျော်ခဲ့သလား ဆိုတာမျိုး မေးပေးပါ။ ဘာပျော်စရာတွေလုပ်ခဲ့လဲ မေးကြည့်ပါ။


မိဘများက ကတိပေးထားတဲ့အတိုင်း လာကြိုတာပဲ၊ ကျောင်းက ကြောက်စရာမကောင်းဘူးပဲဆိုတာ သိလာတဲ့အချိန်မှာ ကလေးငိုတာ ရပ်သွားပါလိမ့်မယ်။


𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

September 23, 2024

လွတ်လပ်စွာ Share/Save နိုင်ပါသည်။

ပြန်လည်ကူးယူဝေမျှခြင်း ခွင့်မပြုပါ။

Kommentare


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page