top of page

၂ နှစ်အရွယ် ကလေးလေးက သူများကို လိုက်ကိုက်နေလို့

Updated: Apr 22



“၂ နှစ်အရွယ် ကလေးလေးက သူများကို လိုက်ကိုက်နေလို့ ဘာလုပ်ရမလဲ” လို့ မေးလာတဲ့ အမေတစ်ယောက်အတွက် အဖြေကို ဒီမှာ တင်ပေးလိုက်ပါတယ်။


ဒီအရွယ် ကလေးလေးတွေ ကိုက်တတ်တာက ကလေးသဘာဝလို့ပဲ ပြောရမှာပါပဲ။ အဓိက အကြောင်းရင်းတွေကတော့ …


  • သွားပေါက်နေချိန်မှာ သွားဖုံးတွေယားယံခြင်း

  • သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြဖို့အတွက် စကားတွေ သေချာမပြောနိုင်သေးခြင်း

  • စူးစမ်းလေ့လာချင်တဲ့ သဘာဝကြောင့် ပတ်ဝန်းကျင်ကအရာတွေကို ပါးစပ်နဲ့ ထိတွေ့စမ်းသပ်နေခြင်း

  • စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ စိတ်ညစ်ခြင်းတွေကို ဖော်ပြဖို့အတွက် ကိုက်ခြင်းပဲ ဖြစ်ပါတယ်။


ဒီလိုကိုက်တဲ့ အပြုအမူကို လျော့ပါးသွားအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကတော့ …


  • ကလေးကို ဆူပူရိုက်နှက်တာထက် သူဘာကြောင့် ကိုက်တာလဲဆိုတာ နားလည်အောင် ကြိုးစားရပါမယ်။

  • သူကိုက်တိုင်း "မကိုက်ရဘူး၊ နာတယ်လေ” လို့ ပြောပြပေးရပါမယ်။ မအော်ဘဲ မရိုက်ဘဲ ပြောပေးပါ။

  • သူများကို နာအောင်လုပ်တာ မကောင်းကြောင်း ရှင်းပြရပါမယ်။ လိုက်ကိုက်ရင် သူနဲ့အတူကစားချင်တဲ့သူ မရှိတော့ဘဲနေမယ်ဆိုတာ ပြောပြရပါမယ်။

  • စိတ်ဆိုးရင် ကိုက်မယ့်အစား အခြားနည်းလမ်းတွေနဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတတ်အောင် သင်ပေးရပါမယ်။

  • ကလေးရဲ့ ကောင်းတဲ့အပြုအမူတွေကိုအသိအမှတ်ပြုပေးရပါမယ်။ သူက မကိုက်ဘဲ ကောင်းကောင်း တုံ့ပြန်တဲ့အခါ သတိတရ ချီးကျူးပေးရပါမယ်။ ကလေးတွေဟာ ချီးကျူးခံရတာ ကြိုက်ပါတယ်။ ကောင်းတဲ့အပြုအမူလုပ်တဲ့အခါ ချီးကျူးခံရတာကို ကြိုက်တဲ့အတွက် ချီးကျူးခံရမယ့်အပြုအမူတွေ ထပ်လုပ်ကြပါတယ်။


ကလေးငယ်လေးတွေကို ဆုံးမသင်ကြားတဲ့အခါမှာ ဘယ်အရာကမှ ချက်ချင်းပြောင်းလဲ တိုးတက်သွားတယ်ဆိုတာ မရှိပါဘူး။ တစ်ခါနှစ်ခါ ပြောရုံနဲ့လည်း မရပါဘူး။ စိတ်ရှည်ရပါတယ်။ ခဏခဏ ပြောပေးရပါတယ်။


𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

November 23, 2024

လွတ်လပ်စွာ Share နိုင်ပါသည်။

Copy ပြန်တင်ခြင်း ခွင့်မပြုပါ။

Comments


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page