top of page

သုံးနှစ်အရွယ်ကလေးများ ရှိသင့်သည့် ဖွံ့ဖြိုးမှုများ

Updated: 4 days ago



သုံးနှစ်အရွယ်ကလေးလေးတွေမှာ ရှိသင့်တဲ့ဖွံ့ဖြိုးမှုလေးတွေအကြောင်း ပြောပြပါရစေ။ ကလေးတိုင်းဟာ ဖွံ့ဖြိုးမှုနှုန်း မတူညီကြတဲ့အတွက် ကွာခြားမှုအနည်းငယ်ရှိကြတာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ ရှိသင့်တဲ့ဖွံ့ဖြိုးမှုလေးတွေကို သိထားတဲ့အခါ ကိုယ့်ကလေးလေး ဖွံ့ဖြိုးမှု သိပ်နောက်ကျနေသလား၊ ပုံမှန်ပဲလားဆိုတာ ခန့်မှန်းသိရှိနိုင်မှာဖြစ်သလို လိုအပ်ခဲ့ရင် သက်ဆိုင်ရာ ပညာရှင်များရဲ့ အကူအညီကို အမြန်ဆုံးယူပြီး အကောင်းဆုံး လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။


ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Physical Development)


𖧹 ကောင်းကောင်းပြေးနိုင်ပြီး ထောင့်တွေမှာ အမြန်ကွေ့နိုင်ကြပါပြီ။

𖧹 လှေကားထစ်တွေမှာ ဘယ်ညာ တစ်လှမ်းစီ တက်နိုင်ကြပါပြီ။

𖧹 သုံးဘီးစက်ဘီးကို နင်းနိုင်ကြပါပြီ။

𖧹 ဘောလုံးခပ်ကြီးကြီးတွေကို ပစ်နိုင်၊ ဖမ်းနိုင်ကြပါပြီ။

𖧹 ခြေတစ်ဖက်ထဲနဲ့ ခဏရပ်နိုင်ကြပါပြီ။

𖧹 စက်ဝိုင်းနဲ့ မျဉ်းဖြောင့်တွေ ဆွဲနိုင်ကြပါပြီ။

𖧹 ကတ်ကြေးစတင်သုံးတတ်လာပါပြီ။

𖧹 လူကြီးအကူအညီနဲ့ အဝတ်အစားတချို့ ဝတ်နိုင်ပါပြီ။


ဘာသာစကားဖွံ့ဖြိုးမှု


𖧹 စကားလုံး ၄/၅ လုံးပါတဲ့ ဝါကျတိုတွေ ပြောနိုင်ပါပြီ။

𖧹 နာမ်စားတွေ သုံးတတ်ပါပြီ။ (သားသား/မီးမီး၊ သူ၊ သူတို့)

𖧹 ကလေးပြောတဲ့စကားကို သူစိမ်းတွေ နားလည်နိုင်ပါပြီ။

𖧹 မေးခွန်းတွေအများကြီး မေးတတ်ပါပြီ။ အထူးသဖြင့် "ဘာဖြစ်လို့လဲ?" “ဘာလို့လဲ”

𖧹 ညွှန်ကြားချက် နှစ်ဆင့်၊ သုံးဆင့်တွေကို လိုက်နာနိုင်ပါပြီ။ (ရေဘူးယူလာပြီး ဒီပေါ်မှာတင်ထားနော် စသဖြင့်)

𖧹 နေရာဆိုင်ရာ အခြေခံသဘောတရားတွေကို နားလည်ပါပြီ။ (အထဲမှာ၊ အပေါ်မှာ၊ အောက်မှာ)

𖧹 သူ့အမည်အပြည့်အစုံနဲ့ သူ့အသက်ကို သိပါပြီ။


လူမှုရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှု


𖧹 စိတ်ခံစားမှု အမျိုးမျိုးကို ပြတတ်လောက်ပါပြီ။

𖧹 ကစားတဲ့အခါမှာ အလှည့်ကျလုပ်တတ်လောက်ပါပြီ။

𖧹 အခြားသူတွေ စိတ်မကောင်းဖြစ်နေရင် စိုးရိမ်တဲ့အမူအရာလေးတွေ ပြတတ်ပါပြီ။

𖧹 ဟန်ဆောင်ကစားနည်းတွေ ကစားတတ်ပါပြီ။

𖧹 အနီးအနားက လူကြီးတွေနဲ့ ကလေးတွေကို အတုခိုးတတ်ပါပြီ။

𖧹 မိဘတွေနဲ့ ခဏလောက်ခွဲရတဲ့အခါ အရင်လောက် မခက်တော့ပါဘူး။

𖧹 မင်းသမီးအဝတ်တွေဝတ်ပြီး မင်းသမီးလုပ်တမ်းကစားသလို ကစားတတ်ပါပြီ။


အသိဉာဏ်ဆိုင်ရာ ဖွံ့ဖြိုးမှု


𖧹 အရမ်းမခက်တဲ့ Puzzle တွေကို ဆက်နိုင်ပါပြီ။

𖧹 အခြေခံ ရေတွက်ခြင်းကို နားလည်ပြီး ၁ ကနေ ၁၀ အထိ ရေတွက်နိုင်လောက်ပါပြီ။

𖧹 အရောင်နဲ့ ပုံသဏ္ဍာန် (Shape) တချို့ကို ခေါ်တတ်ပါပြီ။

𖧹 ပုံပြင်တွေရဲ့ တချို့အပိုင်းတွေကို မှတ်မိပါပြီ။

𖧹 "တူညီခြင်း” "ကွဲပြားခြင်း” သဘောတရားကို နားလည်ပါပြီ။ (စုစုနဲ့ အိအိက တူတယ်။ ကျော်ကျော်နဲ့ အိအိက မတူဘူး ဆိုတာမျိုး)

𖧹 ပစ္စည်းတွေရဲ့ ပုံသဏ္ဍာန် သို့မဟုတ် အရောင်အလိုက် ခွဲခြားနိုင်ပါပြီ။


အထူးကုဆရာဝန်နှင့် မေးမြန်း ဆွေးနွေးသင့်သော လက္ခဏာများ


𖧹 ဘောလုံး မပစ်နိုင်ခြင်း

𖧹 မခုန်နိုင်ခြင်း

𖧹 သုံးဘီးစက်ဘီး မစီးနိုင်ခြင်း

𖧹 ရောင်စုံခဲတံကို လက်မနဲ့ လက်ချောင်းတွေ သုံးပြီး မကိုင်တတ်ခြင်း

𖧹 ဟိုခြစ်ဒီခြစ် မခြစ်နိုင်ခြင်း

𖧹 ဘလော့တုံးလေးတွေ စီတဲ့အခါ ၄ ခုထက်ပိုပြီး မထပ်နိုင်ခြင်း

𖧹 ဟန်ဆောင်ကစားခြင်း မပြုလုပ်တတ်ခြင်း

𖧹 ရိုးရှင်းတဲ့ညွှန်ကြားချက်တွေကို နားမလည်ခြင်း

𖧹 မျက်လုံးချင်းဆုံကြည့်မှု နည်းပါးခြင်း သို့မဟုတ် မရှိခြင်း

𖧹 စကားပြောနည်းပါးခြင်း သို့မဟုတ် မပြောခြင်း၊ သို့မဟုတ် နားလည်ရန်ခက်ခဲတဲ့ စကားတွေပြောခြင်း

𖧹 အပြန်အလှန် ကစားဖို့ရာ စိတ်မဝင်စားခြင်း

𖧹 အခြားကလေးများကို စိတ်မဝင်စားခြင်း

𖧹 အရင်က လုပ်တတ်ပြီးသား ကိစ္စတွေ၊ ရှိပြီးသား ဖွံ့ဖြိုးမှုတွေ မလုပ်နိုင်တော့ခြင်း


မှတ်ချက် : ဒီစာဟာ ယေဘုယျစံနှုန်းတွေသာ ဖြစ်ပါတယ်။ ကလေးတိုင်းဟာ ဖွံ့ဖြိုးမှုပုံစံ ကွဲပြားကြပါတယ်။ ဖွံ့ဖြိုးမှုနည်းနည်း နောက်ကျတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဒီထဲက အချက်တွေနဲ့ အတော်များများ တိုက်ဆိုင်နေတယ်ဆိုရင်တော့ ဘာကြောင့်များလဲဆိုတာ ပြန်လေ့လာကြည့်ဖို့ လိုပါပြီ။ ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ရင်တော့ သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။


𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

November 23, 2024

လွတ်လပ်စွာ Share နိုင်ပါသည်။

Copy ပြန်တင်ခြင်း ခွင့်မပြုပါ။

Yorumlar


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page