top of page

ကလေးနှင့် ဘာသာစကားဖွံ့ဖြိုးမှု

ကလေးငယ်လေးတွေဟာ လူကြီးမိဘပြောတဲ့စကားကို နားလည်လာလေ၊ ပြန်အသုံးချတတ်လေပါပဲ။ စကားနားလည်လာပြီး သူလိုချင်တာ ဖြစ်ချင်တာကို စကားနဲ့ပြောနိုင်လာတာနဲ့အမျှ Tantrum (ဝုန်းဒိုင်းကြဲပြီး စိတ်ဆိုးငိုယိုခြင်း) တွေလည်း လျော့နည်းလာပါတယ်။


ဒါ့အပြင် ဘာသာစကားဖွံ့ဖြိုးလာတာနဲ့အမျှ သိမြင်မှုဆိုင်ရာဖွံ့ဖြိုးမှုလည်း ပိုတိုးတက်လာပါတယ်။ လူကြီးမိဘ ပြောတဲ့စကားတွေ၊ တခြားသူတွေ ပြောတဲ့စကားတွေကို နားလည်လာတယ်။ နားလည်တာနဲ့အမျှ မှတ်နိုင်လာတယ်။ အသက်အရွယ်အလိုက် ပြဿနာလေးတွေ ဖြေရှင်းတတ်လာတယ်။ အဲဒါကြောင့် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ဘာသာစကားဖွံ့ဖြိုးမှုက အရေးပါပါတယ်။


ကလေးတွေရဲ့ ဘာသာစကားဖွံ့ဖြိုးမှုအတွက် ဘာတွေလုပ်ပေးလို့ရမလဲဆိုရင်


  • နေ့စဉ်လုပ်သမျှလေးတွေကို ပြောပြသွားပါ။ “ရေသောက်မှာလား” “အပြင်သွားရအောင်” “အင်္ကျီလဲမယ်” “ဗိုက်ဆာလို့လား” “ထမင်းစားမယ်နော်” “ဖေဖေ ပြန်လာပြီ” စသဖြင့် နေ့စဉ်ပုံမှန်ဖြစ်စဉ်လေးတွေကို ပြောပြပါ။ ကလေးက ဘယ်ဟာက ဘာကိုပြောနေတယ်ဆိုတာ ဆက်စပ်မိလာပါလိမ့်မယ်။


  • သီချင်းကဗျာလေးတွေ ဆိုပြပါ။ သီချင်းကဗျာလေးတွေဟာ ဘာသာစကားဖွံ့ဖြိုးမှုကို အများကြီးအထောက်အကူဖြစ်ပါတယ်။


  • ခြေဟန်လက်ဟန် အမူအရာလေးတွေပါ သုံးပြီးပြောပါ။ ကလေးကို ပိုပြီးနားလည်စေပါတယ်။


  • စကားပြောပြီး ကစားရတဲ့ကစားနည်းလေးတွေ ကစားပေးပါ။ ကျမ သမီးလေးတုန်းက အရုပ်အိမ်နဲ့ ဘာဘီရုပ်တွေကို အကြာကြီးကစားခဲ့တာ။


  • ကလေးကို အဖွင့်မေးခွန်းလေးတွေ မေးပေးပါ။ “သားက ဒီအရုပ်ကိုကြိုက်လား” ဆိုရင် “အင်း” ဆိုတဲ့အဖြေတိုပဲ ရမှာပါ။ “သားက ဒီအရုပ်ကို ဘာလို့ကြိုက်တာလဲ” ဆိုတဲ့ မေးခွန်းမျိုးမေးရင်တော့ သူဘာကြောင့် ဒီအရုပ်ကိုကြိုက်ရသလဲဆိုတဲ့အကြောင်း ပြောပြရပါတော့မယ်။


  • ကလေးပြောတဲ့စကားကို သေချာစိတ်ဝင်တစား နားထောင်ပေးပါ။ အဲဒီအခါ သူပြောတာတွေကို လူကြီးက စိတ်ဝင်စားတယ်။ သူပြောတာတွေကို တန်ဖိုးထားနားထောင်ပေးတယ်ဆိုပြီး စကားပိုပြောပါလိမ့်မယ်။


  • သူလိုချင်တဲ့ စာအုပ်လေးတွေ ဝယ်ပေးပါ။ စာမဖတ်တတ်သေးရင်တောင် ပုံလေးတွေ ကြည့်ချင်ကြည့်ပါစေ။ စာအုပ်ထဲက ပုံလေးတွေကိုကြည့်ပြီး စာအုပ်ထဲကပုံပြင်နဲ့ မတူတဲ့ပုံပြင်တွေကို သူ့အတွေးထဲမှာ ဖန်တီးပါလိမ့်မယ်။


  • စကားလုံးတွေကို ချဲ့ပြောပေးပါ။ ကလေးက “ခွေး” ဆိုပြီး လက်ညိုးထိုးပြောရင် “ဟုတ်တယ်။ ခွေးလေး။” “ခွေးအဖြူလေးနော်” ဆိုတာမျိုး ပြောပေးပါ။ အဲ့ဒီလိုပြောပေးတာဟာ စကားလုံးတည်ဆောက်မှုကို သိစေသလို စကားလုံးအသစ်တွေကိုလည်း သိစေပါတယ်။


  • အိမ်မှာ စာအုပ်တွေ၊ နံရံကပ်ပိုစတာတွေ ထားပေးပါ။ စကားများများပြောပေးပါ။


  • တခြားကလေးတွေနဲ့ ကစားဖို့ Playdate စီစဉ်ပေးပါ။ Playdate တွေဟာ ကလေးအချင်းချင်း စကားပြောဖို့၊ ခင်မင်တတ်စေဖို့၊ ညှိနှိုင်းတတ်စေဖို့ အထောက်အကူဖြစ်စေပါတယ်။


  • စိတ်ရှည်ပါ။ ကလေးတွေဟာ စကားပြောဖို့ စဉ်းစားရတာ၊ အချိန်ယူရတာရှိပါတယ်။ သူတို့ပြောတာကို ဖြတ်မပြောဘဲ စောင့်ပြီးနားထောင်ပေးပါ။ သူတို့စကားဆုံးအောင် ပြောခွင့်ပေးပါ။ အတွေးဆုံးအောင် တွေးခွင့်ပေးပါ။


  • အရေးကြီးတဲ့အချက်ကတော့ Screentime များလို့မရပါဘူး။

၁၈ လအောက် - အဝေးရောက် မိဘဆွေမျိုးများနှင့် Video Call ခဏပြောနိုင်။

၁၈ လမှ ၂၄ လ - ပညာပေး Channel လေးတွေ ခဏကြည့်နိုင်။

၂ နှစ်မှ ၅ နှစ် - တနေ့ ၁ နာရီသာ။

၆ နှစ်အထက် - တနေ့ ၁ နာရီကျော်။


𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

Copy ပြန်တင်ခြင်း ခွင့်မပြုပါ။

လွတ်လပ်စွာ Share နိုင်ပါသည်။

Comments


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page