top of page

ကလေးကို အငိုမခံ၊ အလိုလိုက်လွန်းတဲ့အခါ

Updated: Apr 22

မိဘများအနေနဲ့ ကလေးကို လုံးဝအငိုမခံဘဲ တောင်းဆိုသမျှလုပ်ပေးပြီး အလိုလိုက်လွန်းတဲ့အခါ ဘာတွေဖြစ်တတ်သလဲ။


၁) ကလေးလေးတွေဟာ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်း အားနည်းလာပါတယ်။ ကလေးတွေဟာ သူတို့ခံစားရတဲ့ မကောင်းတဲ့ခံစားချက်တွေကို ကိုယ်တိုင်စီမံထိန်းချုပ်တတ်ဖို့အတွက် လေ့လာခွင့်မရတော့ပါဘူး။ ကလေးများငိုခြင်းဟာ စိတ်ခံစားမှုအရ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ ခံစားမှုဖြစ်ပြီး၊ ကိုယ့်ဘာသာကိုယ် စိတ်ပြေအောင် လုပ်တတ်ဖို့ကလည်း အရေးကြီးတဲ့ ဖွံ့ဖြိုးမှုတစ်ခုဖြစ်ပါတယ်။


၂) ဒီလောကကြီးမှာ သူတို့အလိုဆန္ဒရှိတာတွေကို အမြဲတမ်းရရှိလိမ့်မယ်ဆိုတဲ့ အမြင်မှားတွေ ဖြစ်လာတတ်ပြီး လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ ထားတတ်လာပါတယ်။ အနည်းငယ်ဆုံးရှုံးမှုကြုံရင် များများ စိတ်ဓါတ်ကျနိုင်တဲ့ အနေအထားကို မိဘများက ဖန်တီးပေးရာ ကျပါတယ်။


၃) အရွယ်ရောက်လာတဲ့အခါမှာလည်း စိတ်ပျက်စရာနည်းနည်းကြုံရင်တောင်မှ ကိုင်တွယ်ဖို့ ခက်ခဲတတ်ပါတယ်။


၄) ငိုခြင်းအားဖြင့် သူတို့လိုချင်တာရနိုင်တယ်ဆိုတာ သိပြီး ဘာပဲဖြစ်ချင်ဖြစ်ချင် ငိုပြီးပြောတတ်တဲ့၊ ငိုခြင်းကို နည်းဗျူဟာအဖြစ်သုံးတတ်တဲ့ ကလေးလေး ဖြစ်လာနိုင်ပါတယ်။ အဲဒီလို နည်းဗျူဟာအဖြစ်သုံးခြင်းက ကြာလာတဲ့အခါ မိဘများ လူပင်ပန်းစိတ်ပင်ပန်း အင်မတန်ဖြစ်ရပါတယ်။


၅) ကျောင်းတို့ လူမှုပတ်ဝန်းကျင်တို့မှာ မလွဲမသွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကြုံရတဲ့အခါ စိုးရိမ်စိတ်များခြင်း (သို့မဟုတ်) စိတ်ဆိုးလွယ်ခြင်းတွေ ဖြစ်တတ်ပါတယ်။


၆) လိုချင်တာ ဖြစ်ချင်တာကို အမြဲရနေတဲ့အတွက် ဘဝခံနိုင်ရည်အားလည်း နည်းလာတတ်ပါတယ်။ ဘဝမှာ မလွဲမသွေကြုံတွေ့ရမယ့် အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း နည်းပါးတတ်ပါတယ်။


၇) လိုချင်တာရဖို့ စောင့်ရမယ်၊ စိတ်ရှည်ရမယ်ဆိုတာကို သူတို့မလုပ်နိုင်တော့ပါဘူး။


အဲဒီလိုဆိုရင် ကလေးက ဝမ်းနည်းပြီး ငိုနေတာကို မနှစ်သိမ့်ရတော့ဘူးလား။ အဲဒီလို မဆိုလိုပါဘူး။ ကလေးကို နှစ်သိမ့်တာ၊ သူ့ခံစားချက်ကို နားလည်ပေးတာဟာ အလိုမလိုက်လည်းပဲ လုပ်ပေးလို့ရပါတယ်။


ကျမရဲ့သမီးလေး ငယ်စဉ်ကတည်းက သူတစ်ခုခုလိုချင်လို့ ငိုတယ်၊ ကျမက လုပ်မပေးနိုင်ဘူးဆိုရင် “သမီးလေးက ဒါမရလို့ ဝမ်းနည်းတာ မေမေ သိတယ်နော်။ ဒါပေမဲ့ အရုပ်ကို အမြဲလိုချင်လို့ မရဘူးလေ။” “သမီးလေးက ဒါမဖြစ်ရလို့ ငိုတာ မေမေ သိတယ်နော်။ အခု ဝမ်းနည်းနေတာလား။ စိတ်ဆိုးနေတာလား။ ဒါက မေမေက ခွင့်မပြုသင့်လို့ မပြုတာနော်” “သမီးလေး ငိုချင်ရင် ငိုလို့ရတယ်။ စိတ်ပြေရင်/ငိုလို့ဝရင် မေမေ့ဆီလာနော်။ မေမေ ဖက်ထားပေးမယ်။” စသဖြင့် သူ့ခံစားချက်ကို နားလည်တယ်။ အလိုလိုက်လို့တော့ မဖြစ်ဘူးဆိုတာ သူသိအောင် ပြောပေးပါတယ်။ သူကလည်း သူငိုတိုင်းမရဘူးဆိုတာ သိသွားတဲ့အတွက် အရာအားလုံးကို ငိုပြီးမပြောတော့ပါဘူး။ သူဝမ်းနည်းလို့ ငိုတာကိုတော့ ငိုခွင့်ပေးပါတယ်။ သူငိုပြီးတောင်းတိုင်း မရနိုင်ဘူးဆိုတာလည်း သင်ပေးပြီးသားဖြစ်သလို၊ လောကမှာ အမြဲလိုတာ မရနိုင်ဘူးဆိုတာလည်း သင်ပေးပြီးသား ဖြစ်ပါတယ်။


𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

March 12, 2025

လွတ်လပ်စွာ Share နိုင်ပါသည်။

Copy ပြန်တင်ခြင်း ခွင့်မပြုပါ။

Comments


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page