Positive Parenting လို့ဆိုတဲ့အခါ
- Jessica Mozart
- Apr 17
- 1 min read
Updated: Apr 19

Positive Parenting ခေတ်မှာ ကလေးကို ဆူမိလို့ guilty ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့မိဘတွေလည်း အများကြီးရှိပါတယ်။ Positive Parenting/Gentle Parenting ကို “ညင်သာစွာ အုပ်ထိန်းခြင်း” ရယ်လို့ တိုက်ရိုက်ယူပြီး အမြဲတမ်းနူးညံ့ညင်သာနေရမယ်လို့လည်း မဟုတ်သေးပါဘူး။
ဘာကြောင့် ဒါကိုလုပ်စေချင်တယ်/မလုပ်စေချင်ဘူးဆိုတာ ရှင်းပြမယ်။
သူအမှားလုပ်ခဲ့ရင် ဘာကြောင့် ဒါကိုအမှားလို့သတ်မှတ်တာဖြစ်ကြောင်း၊ ဘာကြောင့်ကိုယ်က လက်မခံနိုင်ကြောင်း၊ ဘယ်လိုနောက်ဆက်တွဲတွေ ရှိမှာဖြစ်ကြောင်းပြောပြမယ်။
သူ့ရဲ့ကောင်းတဲ့အပြုအမူတွေကို အသိအမှတ်ပြု ချီးကျူးမယ်။
သူ့အတွက် သင့်တော်တဲ့ စည်းမျဉ်းစည်းကမ်းတွေထားမယ်။
လုံလောက်တဲ့ချစ်ခြင်းမေတ္တာနဲ့ ကြင်နာခြင်း၊ ထောက်ပံ့ခြင်း၊ အချိန်ပေးခြင်း လုပ်မယ်။
Positive Parenting ဆိုတာ အဲဒါတွေကို ဆိုလိုတာပါ။ “အပြစ်မပေးရ၊ မဆူရ” လို့ မဆိုလိုပါဘူး။ အရင်ခေတ်ကတော့ ကျမတို့မိဘများက အကျိုးနဲ့အကြောင်းရယ်လို့ ရှင်းပြခြင်းမရှိ၊ ကလေးတစ်ခုခုအမှားလုပ်တာ (သို့မဟုတ် သူတို့မကြိုက်တာလုပ်တာ) နဲ့ ရိုက်ကြတာ မဟုတ်လား။ အဲဒီအနေအထားကနေ ကောင်းတဲ့ဖက်ကို ပြောင်းလဲချင်လို့ လုပ်တဲ့အခါမှာ ကျမတို့တွေလည်း အမှားလုပ်မိလိုက်၊ ပြန်တည့်လိုက်နဲ့ ဒီလိုပဲ ကြိုးစားကြရတာပေါ့။
ကလေးကို ဆူတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်လည်း မဆူရဘူးမဟုတ်ဘူး။ ဆူလို့ရပါတယ်။ ဒါပေမဲ့ ..
ဆူရခြင်းအကြောင်းက သူ့ရဲ့အပြစ်ကို သူမြင်နိုင်စေဖို့၊ ပြင်နိုင်စေဖို့ ဖြစ်ရပါမယ်။
“မင်းက ဆိုးနေတာ” လို့ မပြောဘဲ “ဒီလိုလုပ်တာမကောင်းဘူးနော်” လို့ ပြောသင့်ပါတယ်။ လူကိုမကြိုက်တာမဟုတ်ဘဲ၊ သူလုပ်တဲ့အပြုအမူကို မကြိုက်တာဆိုတာ သိစေဖို့ဖြစ်ပါတယ်။
အသံအနေအထားကလည်း ကလေးလန့်သွားလောက်အောင်အထိ ကျယ်လောင်မာကျောနေမယ်ဆိုရင် မကောင်းတဲ့ရလာဒ်တွေပဲ ရဖို့များပါတယ်။
ကိုယ်ကလည်း အခုတမျိုး တော်ကြာတမျိုး မပြောဖို့၊ မဆူဖို့ သတိထားရပါမယ်။
ကလေးရဲ့အသက်အလိုက် သင့်တော်တဲ့ ဆုံးမခြင်းမျိုး၊ ကလေးနားလည်မယ့် စကားလုံးမျိုး သုံးရပါမယ်။
ကလေးရဲ့အပြုအမူအမှားအတွက် မဆူခင်မှာ သူက အနီးအနားက လူကြီးတစ်ယောက်ယောက်ဆီက အတုယူပြီး လုပ်နေတာလားဆိုတာ သတိထားကြည့်ကြည့်ပါဦး။ ကလေးတွေဟာ အတုယူတတ်ပါတယ်။ သူလုပ်တဲ့အပြစ်က ကိုယ့်ဆီက အတုခိုးထားတာလည်း ဖြစ်နေပါဦးမယ်။ အဲဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အရင်ဆူရမှာပါ။
ကျမတို့ကတော့ ကလေးဖက်ကနေ မိဘများကို ကိုယ်ချင်းစာတတ်ဖို့လည်း ပြောပြပါတယ်။ “ဒီနေ့တော့ ဖေဖေ/မေမေတို့ အရမ်းပင်ပန်းနေတယ်။” “အခု အရမ်းအလုပ်များနေတယ်။” “အခု အရမ်းအရေးကြီးတဲ့စကားတွေ ပြောနေကြလို့။” “အခု မေမေ နေမကောင်းလို့။” “မေမေ့မှာ စိတ်ညစ်စရာရှိနေလို့။” သူ့ဖက်ကနေ နားလည်ပေးဖို့၊ ကူညီပေးဖို့၊ စိတ်ညစ်အောင် မလုပ်ဖို့၊ ဂျီမကျဖို့၊ ပြောစရာရှိရင် ခဏလေးစောင့်ပေးဖို့ (ပြီးရင် နားထောင်ပေးမှာ ဖြစ်ကြောင်း) စသဖြင့် ပြောပြပါတယ်။ မိဘဖက်ကချည်း နားလည်ပေးနေတာထက်စာရင် သူ့ဖက်ကလည်း မိဘများကို နားလည်ပေးဖို့ ကြုံရင်ကြုံသလို ပြောပြသွားပါတယ်။ ဒါဟာလည်း သူ့ဘဝအတွက် လိုအပ်တဲ့အရည်အချင်း တစ်ခုပါပဲ။ အဲဒီလို အချင်းချင်း နားလည်တာတွေ များလာတဲ့အခါ ဆူရတဲ့အချိန်တွေလည်း တဖြေးဖြေးနည်းလာပါတယ်။ ဆူရင်တောင်မှ နည်းလမ်းမှန်လာပါတယ်။
𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓
June 21, 2024
လွတ်လပ်စွာ Share နိုင်ပါသည်။
Copy ပြန်တင်ခြင်း ခွင့်မပြုပါ။
Comments