top of page

ကလေးဆိုးခြင်းရဲ့နောက်ကွယ်က အကြောင်းအရင်းများ

“ကလေး ဆိုးတယ်” ဆိုတာရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ ရှိကြပါတယ်။


ဆိုးတဲ့အပြုအမူလေးတွေရဲ့နောက်ကွယ်မှာ ကလေးရဲ့လိုအပ်ချက်တွေ၊ ကလေးရဲ့စိတ်ခံစားမှုတွေ၊ ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ ဆက်စပ်တဲ့ အကြောင်းအရင်းတွေ ရှိနေတတ်ပါတယ်။ အဲဒီလို နောက်ကွယ်က အကြောင်းအရင်းတွေကို သိထားတဲ့အခါ “ကလေး ဆိုးတယ်” ဆိုတဲ့အရာကို ဖြေရှင်းတဲ့အခါမှာ ပိုပြီးထိထိရောက်ရောက် ဖြေရှင်းနိုင်မှာပါ။


၁) မိဘဂရုစိုက်ခံချင်လို့ ဆိုးပြခြင်း

မိဘဆီက လုံလောက်တဲ့ အချိန်ပေးမှု၊ အာရုံစိုက်မှု၊ ချစ်ခြင်းမေတ္တာတွေ မရတဲ့အခါ ဆိုးပြခြင်းအားဖြင့် အာရုံစူးစိုက်မှုရအောင် လုပ်တတ်ကြပါတယ်။


၂) စမ်းသပ်ကြည့်ခြင်း

ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တကယ်လိုက်နာရမှာလား၊ ဖောက်ဖျက်လို့ရလား စမ်းကြည့်ရင်းနဲ့လည်း မကောင်းတဲ့ရွေးချယ်မှုလေးတွေ လုပ်တတ်ကြပါတယ်။


၃) လိုအပ်ချက်များ မပြည့်စုံခြင်း

ဆာလောင်ခြင်း၊ ပင်ပန်းဖျားနာခြင်း၊ သက်တောင့်သက်သာမရှိခြင်းတို့ကြောင့်လည်း ဆိုးတဲ့ အပြုအမူလေးတွေ လုပ်တတ်ပါတယ်။


၄) စိတ်ခံစားမှုများ မထိန်းချုပ်နိုင်ခြင်း

ကလေးတွေဟာ သူတို့ခံစားရသမျှကို နှုတ်ကနေ အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်း ပြောမပြနိုင်သေးတဲ့အတွက် စိတ်တွေရှုပ်ပြီး ငိုယိုဒေါသထွက်တတ်ပါတယ်။


၅) ဖွံ့ဖြိုးမှုအဆင့်များ

Terrible Two/Three အရွယ် အသက် ၂ နှစ်ဝန်းကျင်မှာ ဂျီကျသောင်းကျန်းတာကလည်း သဘာဝပဲဖြစ်သလို ဆယ်ကျော်သက်အရွယ်မှာ မိဘ စကားနားမထောင်ချင်တော့တာကလည်း သဘာဝပါပဲ။ မိဘများအနေနဲ့ သူတို့နဲ့အဆင်ပြေမယ့် နည်းလမ်းတွေ ရှာကြရပါတယ်။


၆) အတွေ့အကြုံမှ လေ့လာခြင်း

ကလေးတွေဟာ “ဒါတွေ မလုပ်ရဘူး” “ဒါတွေ လုပ်ရမယ်” ဆိုတာကို အားလုံးကြိုမသိတတ်ကြပါဘူး။ အဲဒါကြောင့် အမှားလုပ်မိလိုက်၊ မိဘများက ဆုံးမသင်ကြားလိုက်နဲ့ပဲ အကောင်းအဆိုးကို လေ့လာတာမို့ လုပ်မိတဲ့အမှားတွေက ရှိမှာပါပဲ။


၇) အမှီအခိုကင်းလိုခြင်း

တခါတလေမှာ ကလေးတွေဟာ “ကိုယ့်ဘာသာကိုယ် လုပ်နိုင်တယ်” “ကိုယ့်အားကိုယ်ကိုးပြီး လုပ်ချင်တယ်” ဆိုတဲ့စိတ်က ဦးဆောင်သွားတဲ့အခါ အမှားအယွင်းလေးတွေလည်း ဖြစ်နိုင်ပါတယ်။


၈) အနီးအနားကလူများကို အတုယူခြင်း

သူ့အနီးအနားကလူတွေ၊ သူမြင်နေရ ထိတွေ့နေရတဲ့လူတွေရဲ့ အပြုအမူတွေ၊ YouTube/TV က အပြုအမူတွေကို လိုက်လုပ်ရင်း ဆဲဆိုတတ်တာတွေ၊ အခြားအပြုအမူတွေ လုပ်တတ်လာတတ်ပါတယ်။


၉) မိသားစုအခြေအနေများ

မိသားစုပြဿနာများ၊ ချစ်ရတဲ့မိသားစုဝင်နဲ့ ခွဲခွါရခြင်း စသဖြင့်သော အခက်အခဲများကြောင့်လည်း ကလေးက ဆိုးတဲ့အမူအရာလေးတွေ ပြတတ်ပါတယ်။


၁၀) မမြင်ရတဲ့ပြဿနာများ

ကလေးမှာ Sensory Processing Disorders, ADHD, Anxiety, Autism စသဖြင့်သော အခြေအနေတွေရှိမယ်ဆိုရင်လည်း ဆိုးတဲ့အပြုအမူလေးတွေ ရှိတတ်ပါတယ်။


ကလေးက ဘာကြောင့် ဒီလိုပြုမူနေတာ ဖြစ်မလဲ” ဆိုတာကို သေချာစဉ်းစားပြီး အဖြေရှာနိုင်မယ်ဆိုရင် ကလေးလေး ပိုပြီး လိမ္မာလာစေဖို့၊ တိုးတက်လာစေဖို့ အကောင်းဆုံး ကူညီပေးနိုင်မှာပါ။


𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

March 14, 2025

လွတ်လပ်စွာ Share နိုင်ပါသည်။

Copy ပြန်တင်ခြင်း ခွင့်မပြုပါ။

Comentarios


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page