top of page

မိဘများမှားရင် သားသမီးကို တောင်းပန်သင့်သလား

Updated: Apr 22

ကျွန်မတို့ အသားကျနေခဲ့တဲ့ လူ့အဖွဲ့အစည်းမှာ "မိဘဆိုတာ သားသမီးကို ကောင်းတာပဲ ဖြစ်စေချင်တာ"၊ "သားသမီးကို ကောင်းတဲ့လမ်းကိုပဲပို့တာ"၊ "မိဘကကောင်းစေချင်လို့လုပ်တာ ပြန်မပြောနဲ့"၊ "မိဘပြောရင် အကုန်မှန်တယ်" ... စသဖြင့် စကားတွေနဲ့ပဲ သိပ်ရင်းနှီးအသားကျနေကြတယ်။ ဝမ်းနည်းစရာကောင်းတာက မိဘတိုင်းက မိဘကောင်းမဟုတ်ကြဘူး။ ကောင်းတဲ့မိဘရှိသလို ဆိုးတဲ့မိဘတွေလည်း ရှိတယ်။ တချို့မိဘတွေက သားသမီးကိုကောင်းတဲ့လမ်းကို ညွှန်ပြပို့ဆောင်နိုင်ပေမယ့် တချို့မိဘတွေကတော့ အဲဒီလိုမလုပ်ကြဘူး။


ကောင်းတဲ့မိဘဖြစ်သည့်တိုင်အောင် သားသမီးအပေါ်ပြောတဲ့စကား၊ ပြုတဲ့အပြုအမူတွေက အချိန်ပြည့်မမှန်နိုင်ပါဘူး။ မိဘက မှားတဲ့အချိန်တွေလည်း ရှိမယ်။ အဲဒီအချိန်တွေမှာ ဘာလုပ်ရမလဲဆိုရင် "တောင်းပန်ပါ"။


"ဆောရီး .. အဖေ/အမေမှားသွားတယ်" ဆိုတဲ့စကားလေးက ဒီနိုင်ငံရဲ့ရိုးရာအရ ပြောဖို့သိပ်မလွယ်ကူပေမယ့် သိပ်ကိုလိုအပ်တဲ့စကားပါ။ မိဘတွေကပြောတာ သိပ်နည်းတယ်။ ကလေးက ကိုယ်တောင်းပန်တဲ့အပေါ်မှာ အခွင့်အရေးယူပြီး ဆိုးသွားမလား၊ ကိုယ်က ကလေးရှေ့မှာ အညံ့ခံလိုက်သလို ဖြစ်မလား၊ ကလေးက ကိုယ့်ကို မလေးစားတော့ဘဲ နေမလား စသဖြင့်တွေ လျှောက်တွေးပြီး မပြောတတ်ကြဘူး။ တချို့ကကျတော့လည်း ကိုယ်ကမိဘမို့လို့ တောင်းပန်စရာမလိုဘူးလို့ ထင်တယ်။ မိဘက မှားနေရင်တောင် သားသမီးအပေါ် အကြောင်းအမျိုးမျိုးနဲ့ မတောင်းပန်ချင်ဘူး။ တကယ့်တကယ်တမ်းမှာ မိဘက မှားနေလို့ တောင်းပန်လိုက်တဲ့အခါ မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကို ပိုပြီးခိုင်မာစေပါတယ်။ ကလေးကိုလည်း စိတ်လုံခြုံစေတယ်။


မိဘက အမှားအယွင်းတစ်ခုခု လုပ်မိလို့တောင်းပန်တဲ့အခါ ကလေးကလည်း လိုက်လေ့လာပါတယ်။ အဲဒီကနေတဆင့် "လူဆိုတာ မှားတတ်ပါလား၊ မပြည့်စုံပါလား၊ ငါလည်း တခါတလေ မှားနိုင်တာပဲ၊ ငါမှားရင် ငါ့အမှားကိုလည်း တာဝန်ယူရမယ်" ဆိုတာမျိုးကို မိဘဆီက လေ့လာသင်ယူပါတယ်။ မိမိရဲ့အမှားအယွင်းတွေအတွက် တောင်းပန်တတ်တဲ့မိဘတွေက ကလေးတွေကို ဘဝအတွက် အရေးကြီးတဲ့သင်ခန်းစာတွေ သင်ပေးပြီးသားဖြစ်သွားပါတယ်။


  • အမှားလုပ်မိရင် ခွင့်လွှတ်မှုကို တောင်းခံတတ်ဖို့ သိလာပြီး၊ ကိုယ့်ရဲ့အမှားကို ကိုယ်ပြန်မြင်ခြင်း လက်ခံခြင်းက ဒီအမှားတွေကို ဖုံးကွယ်ဖို့ထက် ပိုအရေးကြီးတယ်ဆိုတာလည်း သူသိလာပါလိမ့်မယ်။ ကိုယ်မှားရင် ဝန်ခံပြီးတောင်းပန်တတ်တယ်ဆိုတာ သတ္တိရှိတဲ့သူမှ လုပ်နိုင်တာဆိုတာ ပြောပြပေးရပါမယ်။ မိဘက တောင်းပန်တဲ့အခါ ကလေးကို အဲဒါတွေ သင်ပေးရာကျပါတယ်။


  • ကိုယ့်အမှားကို ဖုံးကွယ်ဖို့ လိမ်တဲ့အခါ အဲဒီလိုလိမ်တဲ့အမှားက ပိုဆိုးတယ်ဆိုတာလည်း ပြောပြရပါမယ်။ လူဆိုတာ အမှားလုပ်တတ်တာမို့ ကိုယ်မှားမှန်းသိရင် ပြင်ဆင်ပြီး နေထိုင်ရမယ်ဆိုတာ ပြောပြပေးရပါမယ်။ မိဘကိုယ်တိုင်က ကိုယ့်အမှားအတွက် တောင်းပန်ပြတဲ့အခါ အမှားကိုဖုံးကွယ်ဖို့ လိမ်တာထက် ကိုယ့်အမှားကိုဝန်ခံတာက ပိုအရေးကြီးကြောင်း၊ ပိုလိုအပ်ကြောင်း သင်ပေးရာကျပါတယ်။


  • လူကြီးဖြစ်တာနဲ့ အပြစ်မလုပ်တတ်တဲ့သူတွေအဖြစ် အော်တိုဖြစ်မသွားပါဘူး။ ကလေးတွေအနေနဲ့ "မိဘကအမှားလုပ်တယ်၊ ပြီးရင်အဲဒီအမှားအတွက် တာဝန်ယူတောင်းပန်တယ်" ဆိုတာကို မြင်တဲ့အခါ သူတို့အနေနဲ့ "မိဘတွေဆိုတာလည်း အမှားလုပ်နိုင်တာပဲ၊ ဒါပေမဲ့ အဲဒီအမှားအတွက် ဖေဖေက/မေမေက တာဝန်ယူတတ်တယ်" ဆိုတဲ့ အမြင်မျိုး ရလာပါလိမ့်မယ်။


  • ကလေးတွေက သေချာမပြောတတ်ပေမယ့် လူကြီးအမှားလုပ်တဲ့အခါ သိပါတယ်။ သူတို့ကို မှားပြီးဆူမိတာ၊ ရိုက်မိတာ၊ အပြစ်ပြောမိတာစသဖြင့်လုပ်ပြီး “မှားသွားတယ်” လို့ ဝန်မခံရင်လည်း သူတို့ကောင်းကောင်းသိပါတယ်။ ကလေးတွေကို မဆဲရဘူးလို့ သင်ထားပြီး ကိုယ်ကဆဲမိတယ်ဆိုရင်လည်း သူတို့က ချက်ချင်းသိပါတယ်။ အဲဒီတော့ ကိုယ်မှားရင် ဝန်ခံလိုက်ပါ။ ဆောရီးပြောလိုက်ပါ။ မဟုတ်ရင် ကလေးတွေအနေနဲ့ ဘယ်ဟာကို လေ့လာရမှန်းမသိတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။


တခြားမရေးရသေးတဲ့ ကောင်းကျိုးတွေ ရှိပါသေးတယ်။ နောက်မှ ဆက်ရေးပါမယ်။ အဲဒီတော့ မိဘများအနေနဲ့ ကိုယ်မှားရင် "ဆောရီး .. ဖေဖေ/မေမေ မှားသွားတယ်" ဆိုတာကို ပြောဖို့ ဝန်မလေးကြပါနဲ့။ အမြဲတမ်းမှန်တဲ့ "perfect parent" ဆိုတာ မရှိပါဘူး။ ကိုယ့်အမှားကို ကိုယ်ဝန်ခံတတ်တဲ့သူနဲ့ ဝန်မခံရဲတဲ့သူပဲ ရှိပါတယ်။ ကလေးတွေက ကိုယ့်ကို အမြဲတမ်း စောင့်ကြည့်လေ့လာနေတယ်ဆိုတာလေး သတိထားစေချင်ပါတယ်။


​𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

26 July 2017

Copy ပြန်တင်ခြင်း ခွင့်မပြုပါ။

လွတ်လပ်စွာ Share နိုင်ပါသည်။

コメント


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page