top of page

မိခင်ဖျားနေချိန် ကလေးကိုနို့ဆက်တိုက်ဖို့ သင့်/မသင့်


ကလေး၊ လူကြီးအားလုံး ဖျားတတ်ကြပါတယ်။ စူပါမေမေတွေအနေနဲ့လည်း မဖျားအောင် စိတ်ကို ဘယ်လိုပဲ တင်းထားပါစေ ခန္ဒာကိုယ်က တောင့်မခံနိုင်တော့တဲ့အခါ သူတို့လည်း ဖျားကြတော့တာပါပဲ။ ကလေးအမေတွေ ဖျားတာနဲ့ ချက်ချင်းတွေးမိကြတာက “ကလေးကို နို့ဆက်တိုက်လို့ ရပါ့မလား။” “နို့ထဲကနေတဆင့် ကလေးကို အဖျား ကူးနိုင်သလား။” “သောက်ရတဲ့ဆေးတွေ နို့ထဲကို ဝင်သွားပြီး ကလေးကို ထိခိုက်မလား။” စတဲ့ မေးခွန်းတွေ အများကြီးဖြစ်ပါတယ်။

မိခင်တစ်ယောက် ဖျားတဲ့အခါ နို့တိုက်တာကို ရပ်ပစ်ဖို့ လိုအပ်တာမျိုးက ရှားပါတယ်။ မိခင်မှာ အတော်ပြင်းထန်တဲ့ ရောဂါရှိနေရင်သာ ခဏ (သို့မဟုတ်) အပြီး နို့ဖြတ်ခိုင်းတာမျိုး ရှိပါတယ်။ သာမန်အဖျား၊ သာမန်အအေးမိ၊ နှာစေးချောင်းဆိုး၊ ဗိုက်နာဗိုက်အောင့်လောက်ကတော့ ကလေးကို မိခင်နို့ဆက်တိုက်သင့်ပါတယ်။ ကိုယ်ပြတဲ့ ဆရာဝန်ကိုသာ ကိုယ်က မိခင်နို့တိုက်နေသေးကြောင်းနဲ့ ကိုယ့်ကလေးရဲ့အသက်ကို ပြောပြပေးပါ။ အဲဒါမှသာ သူပေးတဲ့ဆေးကို ကလေးအတွက်ပါ အဆင်ပြေအောင် ချိန်ဆပေးလို့ရမှာ ဖြစ်ပါတယ်။

မိခင်ဖျားနေစဉ်မှာ ကလေးအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာက ကလေးကို မိခင်နို့ဆက်တိုက်ပေးခြင်းပါပဲ။ ကိုယ်က အအေးမိ၊ တုပ်ကွေးလို ကူးတတ်တဲ့ သာမန်အဖျားမျိုးလောက်ဆိုရင် ကိုယ်ဖျားမှန်း ကိုယ့်ကိုယ်ကိုယ် သတိမထားခင်မှာကိုပဲ ကိုယ့်ဆီက ဗိုင်းရပ်စ်က ကလေးဆီကို ရောက်နှင့်နေပါပြီ။ မိခင်ရဲ့နို့ကနေ ကလေးကို အဖျားမကူးစေတဲ့အပြင် ကလေးဆီ ရောက်နှင့်နေတဲ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့အတွက် Antibodies တွေကို မိခင်ရဲ့နို့က အလိုအလျောက် ထုတ်ပေးပါတယ်။ မိခင်နို့က ကလေးဖျားမှာကိုတောင် ကာကွယ်ပေးပါတယ်။ ကိုယ်နဲ့အတူ ကလေးပါ လိုက်ပြီး ဖျားသွားမယ် ဆိုရင်တောင်မှ ကိုယ့်လောက် မပြင်းထန်ပါဘူး။

မိခင်ဖျားနေစဉ် ကလေးကို နို့မတိုက်တာက ကလေးကို ပိုပြီးဖျားစေနိုင်တဲ့အပြင် ကလေးက နို့မစို့ရလို့ မအီမသာဖြစ်၊ ငိုယိုဂျီကျ၊ အာဟာရ လျော့ရတာပဲ ရှိပါတယ်။ မိခင်ဖျားနေစဉ် ကလေးကို မကူးစေဖို့ ပုံမှန်လုပ်နေကျဖြစ်တဲ့ မကြာခဏ လက်ဆေးတာ၊ ချောင်းဆိုး နှာချေရင် အုပ်ပြီး ချေတာမျိုးတော့ လုပ်ပါ။ ဖျားနေစဉ်မှာ နို့တိုက်တဲ့ အကြိမ်ရေနည်းသွားလို့ နို့ထွက်နည်းတာမျိုး မဖြစ်ရအောင် မိခင်က အရည်များများ သောက်ပါ။ နို့ပုံမှန်တိုက်ပါ။

မိခင်က Food Poison (အစာအဆိပ်သင့်ခြင်း) ဖြစ်နေရင်လည်း အန်တာ၊ ဝမ်းသွားတာ၊ ဗိုက်အောင့်တာတို့လို သာမန် ရောဂါလက္ခဏာတွေ ဖြစ်တယ်ဆိုရင် ကလေးကို မထိခိုက်ပါဘူး။ နို့ဆက်တိုက်လို့ ရပါတယ်။ မိခင်ဖြစ်တဲ့ အစာအဆိပ်သင့်ခြင်းက အတော်ပြင်းထန်လို့ ဘက်တီးရီးယားတွေက သွေးကြောတွေထဲထိ ရောက်တယ်ဆိုရင်တော့ နို့ထဲကိုလည်း ရောက်မှာမို့လို့ ကလေးကို နို့ဖြတ်ဖို့လိုအပ်ရင် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ လိုအပ်တဲ့ဆေးကုသမှုနဲ့ ညွှန်ကြားမှုကို ဆေးရုံက ဆရာဝန်ပြောတဲ့အတိုင်းသာ လုပ်ပါ။ အဲဒီအချိန်မှာ ရောဂါပြင်းထန်တဲ့ မိခင်လည်း ဆေးရုံတက်နေရလောက်ပါပြီ။

𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓

လွတ်လပ်စွာ Share နိုင်ပါသည်။

Copy ပြန်တင်ခြင်း ခွင့်မပြုပါ။


Comentários


Have a nice day!

© 2025 by Jessica Mozart. All rights reserved.

bottom of page