ကလေးရဲ့ပထမဆုံး ထမင်း/ဖြည့်စွက်စာ
- Jessica Mozart
- Apr 18
- 1 min read

တချို့မိဘတွေဟာ ကလေးကို ထမင်းအစောကြီး ကျွေးချင်ကြတယ်။ ဘာကြောင့်အစောကြီး ကျွေးချင်ရသလဲလို့ မေးရင် ...
ကလေးက စားတတ်နေပြီထင်လို့
ကလေးက ဗိုက်ဆာနေပုံရလို့
လူကြီးတွေက ကျွေးခိုင်းလို့
အိမ်နားက နားလည်တဲ့သူက ကျွေးခိုင်းလို့
ဝမ်းအေးအောင်လို့ … စသဖြင့် ပြောကြတယ်။
တကယ်တော့ ကလေးတွေဟာ မွေးတာနဲ့ အားလုံး အပြည့်အဝဖွံ့ဖြိုးပြီး မွေးလာတာမဟုတ်ပါဘူး ။ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာ ဖြစ်ပါတယ်။ မွေးစကနေ တစ်နှစ်အရွယ်ကလေးတွေဟာ အခြေခံ လုပ်ငန်းဆောင်တာလေးတွေဖြစ်တဲ့ စားသောက်မျိုချခြင်း၊ မှောက်ခြင်း၊ ထိုင်ခြင်း၊ တွားသွားခြင်း၊ လမ်းလျှောက်ခြင်း စတာတွေကို တဆင့်ချင်းစီ ဖြည်းဖြည်းချင်း လေ့လာတိုးတက်နေဆဲ ဖြစ်ပါတယ်။
အသက် ၆ လ အောက် ကလေးငယ်တွေကို နို့ရည်ကလွဲပြီး အခြားဘာမှ မတိုက်ကျွေးသင့်သေးပါဘူး။ အသက် ၆ လ အောက် ကလေးတွေဟာ ပုံမှန်စားသောက်မျိုချခြင်းဖြစ်စဉ်ကို သေသေချာချာ မလုပ်ဆောင်နိုင်သေးပါဘူး။ နို့ရည်ကလွဲပြီး Solid Foods လို့ခေါ်တဲ့ အဖတ်၊ အနှစ်၊ အစာမာ ဘာကိုမှ မမျိုချတတ်သေးပါ။
ကလေးကြီးတွေနဲ့ လူကြီးတွေလို အစာမာကို ဝါး၊ လျှာနဲ့လိပ်ပြီး အာခေါင်ဆီကို တွန်းပို့ခြင်း၊ မျိုချခြင်းစတဲ့ သဘာဝအလုပ်ကို မလုပ်နိုင်သေးပါ။
မျိုချပါသော်လည်း ၆ လ အောက် ကလေးရဲ့ အစာအိမ်၊ အူတွေဟာ အစာမာဆီက အာဟာရကိုစုပ်ယူမှု ကောင်းကောင်း မရှိသေးပါ။
အစာမာကို ခြေဖို့အတွက် ကလေးရဲ့အင်မတန်နုနယ်တဲ့ ဖွံ့ဖြိုးဆဲအစာအိမ်နဲ့ အူတွေက မနိုင်ဝန်ထမ်းရပါတယ်။
မနိုင်ဝန်ထမ်းရတဲ့အူလေးတွေက အစာကိုမတွန်းနိုင်တဲ့အတွက် ကလေးလေးမှာ အူခေါက်ပြီး ဗိုက်ခွဲရနိုင်ပါတယ်။ အသက်အန္တရာယ်လည်း များပါတယ်။
ဖြည့်စွက်စာ ကျွေးထားတဲ့အတွက် ကလေးက ဗိုက်ပြည့်ပြီး မိခင်နို့သောက်သုံးမှု လျော့နည်းသွားပါတယ် ။
မိခင်နို့ဟာ ၆ လ အောက် ကလေးတွေလိုအပ်တဲ့ အကောင်းဆုံးအာဟာရဖြစ်ပါတယ်။ မိခင်နို့မှာ ရောဂါကာကွယ်နိုင်စွမ်းတွေ ပါပါတယ်။ ဉာဏ်ရည် ထက်မြက်စေတဲ့ဓါတ်တွေ ပါပါတယ်။ အရွယ်မတိုင်ခင် အစာမာကျွေးလိုက်တဲ့အခါ ကလေးအတွက် အကောင်းဆုံးဖြစ်တဲ့ မိခင်နို့ သောက်တဲ့ပမာဏ နည်းသွားတဲ့အတွက် ကလေးမှာ အာဟာရချို့တဲ့ခြင်း၊ နေမကောင်း မကြာခဏဖြစ်ခြင်း၊ ဉာဏ်ရည်ထက်မြက်မှု လျော့နည်းခြင်းတွေ ဖြစ်တတ်ပါတယ်။
ထမင်းဆိုတာ တသက်လုံး စားရမယ့်အစားအစာပါ။ ဘဝရဲ့ပထမဆုံး ၆ လလေးမှာ နို့ရည်ကလွဲပြီး အခြားဟာတွေ မကျွေးဘဲ ထားပေးပါ။ လူကြီးတွေရဲ့ ဗဟုသုတနည်းမှု၊ ခေါင်းမာမှု၊ ရှေးရိုးစွဲမှုတွေကြောင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိတဲ့ ကလေးငယ်လေးတွေ အသက်မဆုံးရှုံးရပါစေနဲ့။ အသက်မသေရင်တောင် ကလေးလေးရဲ့ အင်မတန်နုနယ်လှတဲ့ အစာအိမ်တွေ အူတွေဟာ ထိခိုက်သွားရပါပြီ။ အပြင်မှာ သွေးထွက်နေမှ၊ ရောဂါကို မျက်စိနဲ့မြင်ရမှ ပြဿနာကြီးတာမဟုတ်ပါဘူး။ မမြင်ရတဲ့အတွင်းက အစာအိမ်နဲ့ အူလေးတွေကို ဒဏ်မဖြစ်ပါစေနဲ့။
ဘယ်အရွယ်မှာ ပထမဆုံးထမင်း၊ ဖြည့်စွက်စာ စကျွေးလို့ရမလဲ။
ကလေး ၆ လပြည့်မှ စကျွေးသင့်ပါတယ်။ ဒါပေမဲ့ ကလေးတိုင်းဟာ ဖွံ့ဖြိုးမှုမတူကြပါဘူး။ တချို့ကလေးတွေက ၆ လ မပြည့်ခင် နည်းနည်းလိုကတည်းက စားချင်နေပါပြီ။ အဲ့ဒါကြောင့် ဘယ်ကလေးကတော့ ဘယ်အချိန်မှာ ထမင်းကျွေးလို့ရပြီဆိုတာကို ဒီအချက်လေးတွေနဲ့ ချင့်ချိန်ဆုံးဖြတ်ပါ။
ကလေးက အသက် ၆ လဝန်းကျင်ရှိမယ်။
ကလေးက အကူမပါပဲ ထိုင်နိုင်မယ်။
ခေါင်းကောင်းကောင်း မတ်နိုင်မယ်။
သူများ အစားစားတာကို စိတ်ဝင်စားမယ်။
နူးညံ့တဲ့ဟာလေးတွေ စမ်းကျွေးကြည့်ရင် သူ့လက်နဲ့သူ ပါးစပ်ထဲထည့်စားမယ်။
မုန့်ခွံ့ကျွေးရင် ပါးစပ်ဟ လျှာထုတ်ပြီး ယူတတ်မယ်။
ကျွေးထားတဲ့ဟာကို လျှာနဲ့တွန်းမထုတ်ပဲ ပါးစပ်ထဲမှာ ငုံထားမယ်၊ မြိုချမယ်။
ကလေးက ဗိုက်ပြည့်ရင် ဗိုက်ပြည့်ကြောင်း၊ မစားချင်ရင် မစားချင်ကြောင်း ငြင်းတဲ့ပုံစံနဲ့ ခေါင်းကိုတစ်ဖက်လှည့်သွားတာမျိုး လုပ်တတ်မယ်။
ဒါဆိုရင် အရည်၊ ထမင်းပျော့၊ ဖြည့်စွက်စာနဲ့စပြီး မိတ်ဆက်လို့ရပါပြီ။ တစ်ခါကျွေးရင် နည်းနည်းနဲ့ စပါ။
ကလေးက အဲဒီ ၇ ချက် မလုပ်သေးဘူးဆိုရင်၊ သူ့ကို ကျွေးတဲ့အခါ ခါးခါးသီးသီး ငြင်းဆန်ရင်၊ ကလေး အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ကလေးက ၆ လ သေချာပြည့်ပြီးရင်တော့ ဒီနေ့မှာ ငြင်းရင် နောက်နေ့မှာ အခြားတစ်မျိုးပြောင်းကျွေးကြည့်ပါ။ မရသေးရင် ရက်နည်းနည်းစောင့်ပြီး ထပ်ကြိုးစားကြည့်ပါ။
𝐉𝐄𝐒𝐒𝐈𝐂𝐀 𝐌𝐎𝐙𝐀𝐑𝐓
လွတ်လပ်စွာ Share နိုင်ပါသည်။
Copy ပြန်တင်ခြင်း ခွင့်မပြုပါ။
Commentaires